Tuesday, April 28, 2015
IS အဖွဲ့သား ၉၃ ယောက်ကို ဆော်ဒီ ဖမ်းမိ
ဆော်ဒီ အာရေဗျ နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ အဖွဲ့သားတွေလို့ သံသယရှိတဲ့ ၉၃ ယောက်ကို ဖမ်းမိခဲ့ပြီး အကြမ်းဖက်မှု တချို့ကိုလည်း ကြိုတင် တားဆီး နိုင်ခဲ့တယ်လို့ ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။
ဖမ်းဆီးမှုတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ကတည်းက လုပ်ဆောင် ခဲ့တာ ဖြစ်ပြီး အဖမ်းခံရသူတွေ ထဲမှာ ဆော်ဒီ နိုင်ငံသား ၇၇ ယောက် ပါဝင်တယ်လို့ ဆော်ဒီ သတင်း အေဂျင်စီက ဖော်ပြပါတယ်။
အဲဒီ လူတွေဟာ လူအရောက် နည်းတဲ့ ဒေသတွေမှာ လေ့ကျင့်ရေး စခန်းတွေ တည်ဆောက်ပြီး အသေခံ ဗုံးခွဲမှုတွေ လုပ်ဖို့လည်း စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ အဓိက ပစ်မှတ်တွေ ထဲမှာ မြို့တော် ရီယတ်မှာ ရှိတဲ့ အမေရိကန် သံရုံးလည်း ပါဝင်တယ်လို့ ယူဆကြပါတယ်။
ဆီးရီးယားနဲ့ အီရတ်က နယ်မြေ အများအပြားကို သိမ်းပိုက်ထားတဲ့ IS အဖွဲ့အပေါ် လေကြောင်း တိုက်ခိုက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ထဲမှာ ဆော်ဒီနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။
Credit to> BBC Burmese.
Sunday, April 26, 2015
နီပေါ ငလျင်။
နီပေါနိုင်ငံမှာ စနေနေ့တုန်းက ငလျင်ဒဏ်ကြောင့် လူနှစ်ထောင်ကျော်
သေဆုံးခဲ့ရအပြီး တရက်အကြာ ဒီကနေ့မှာ ပြင်းအားကြီး နောက်ဆက်တွဲ ငလျင်ကြီးတခု
ထပ်လှုပ်ခဲ့ပါတယ်။
ပြင်းအား ၆.၇ ရှိတဲ့ အဲဒီ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် အဆောက်အအုံတွေ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး ခတ္တမန္ဒူမြို့တော်နဲ့ အနီးတဝိုက်ဒေသတွေမှာ လူတွေ ဘေးလွတ်ရာ ဟင်းလင်းပြင်နေရာတွေဆီ ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင် ဆောင်ရွက်နေပြီ ဖြစ်ပြီး ကယ်ဆယ်ရေး အထောက်အပံ့တွေနဲ့အတူ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေက ဆရာဝန်တွေ၊ ကယ်ဆယ်ရေး ဝန်ထမ်းတွေ နီပေါနိုင်ငံထဲ လေယာဉ်နဲ့ သွားရောက်နေကြပြီ ဖြစ်ပါတယ်။

အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့်ဧဝရက်တောင်မှာ
နောက်ထပ် ဆီးနှင်းပြိုမှု ဖြစ်ပွားခဲ့ပြီး တောင်ခြေ စခန်းမှာ
သောင်တင်နေကြတဲ့ တောင်တက်သမား ရာပေါင်းများစွာအကြား ထိတ်လန့်တကြား ဖြစ်ခဲ့
ကြပါတယ်။
စနေနေ့တုန်းက ငလျင်ဒဏ်ကြောင့် ဆီးနှင်းပြိုကျခဲ့မှုအတွင်း တောင်တက်သမား ၁၇ဦး သေဆုံးခဲ့ပါတယ်။
တခါစနေနေ့ ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူ၁၇ဦး သေဆုံးခဲ့တဲ့ တိဘက်ပြည်နယ်မှာလည်း နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် လူအတော်များများ ဒဏ်ရာ ရခဲ့ပြီး လူတသောင်းလောက် ဘေးလွတ်ရာ ရွှေ့ပြောင်း ခိုလှုံခဲ့ကြရပါတယ်။

Subscribe to:
Posts (Atom)