အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် ၂၀၁၅ ရွေးကောက်ပွဲ
နီးကပ်လာချိန်တွင် ဦးသိန်းစိန် အစိုးရ လက်ထက်၌ ပြဋ္ဌာန်းနိုင်ခဲ့သည့်
မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်မှုကို မဘသ၏ နိုင်ငံရေး အောင်ပွဲအဖြစ်
အခမ်းအနားများ၊ စီတန်းလှည့်လည်မှုများ တနိုင်ငံလုံးတွင် ကျင်းပပြုလုပ်လျက်
ရှိပြီး အင်အား ပြသနေသည်။
ဦးသိန်းစိန် ပြဋ္ဌာန်းပေးခဲ့သည့် မျိုးစောင့်ဥပဒေများ တနိုင်ငံလုံးတွင်
ထောက်ခံမှု အင်တိုက်အားတိုက် ပြုလုပ်နေခြင်း သည် လက်ရှိအစိုးရ၏ ဒုတိယ
သက်တမ်းအတွက် မဲဆွယ်ပေးနေခြင်းလား ဟု မေးခွန်း ထုတ်လာကြသည်။
တိုင်းပြည်၏ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၄ တွင် နိုင်ငံရေးကိစ္စ
အလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစား မပြုရဟု တရားဝင်ပြဋ္ဌာန်းထားသည်။
“မေးခွန်း ထုတ်စရာကောင်းတဲ့ အခြေအနေပေးတာကိုက မကောင်းဘူး။ တရားဥပဒေ
စိုးမိုးရေး လို့ ပြောရင် ဒါတွေကို ကြည့် မနေသင့်ဘူး လို့ပြောရင်
တိုင်မယ့်လူ မရှိလို အရေး မယူတာပါလို့ ပြောလိမ့်မယ်။ တိုင်မယ့်လူ မရှိလို့
လုံးလုံး အရေး မယူဘူး ဆိုတဲ့ ဖြစ်ရပ်မျိုး ကျမတို့ နိုင်ငံမှာ
မရှိခဲ့ပါဘူး။ ဒါပေမယ့် တချို့ကိစ္စတွေမှာတော့ တိုင်မယ့်လူ မရှိဘဲ တက်တက်
ကြွကြွ အရေးယူခဲ့တာတွေ ရှိတယ်” ဟု နိုင်ငံရေး အကျဉ်းသူဟောင်းတဦးဖြစ်သူ
စာရေး ဆရာမ မသီတာ (စမ်းချောင်း) က ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် မန္တလေးမြို့တွင်
ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ သည် အမျိုးဘာသာ
သာသနာကို စောင့်ရှောက်သူ ဟုတ်မဟုတ် မဘသအဖွဲ့က စုံစမ်းလျက်ရှိပြီး မဘသ
ဦးဆောင် ဆရာတော် ဦးဝီရသူက တိုင်းပြည်နှင့် ဗုဒ္ဓဘာသာကို ကာကွယ်မည့်
အမျိုးကို စောင့်ရှောက်မည့်သူများကို ရွေးချယ်ရန် စက်တင် ဘာလ ၁၆ ရက်နေ့က
တိုက်တွန်းလိုက်သည်။
တနိုင်ငံလုံးတွင်လည်း ပုံစံမျိုးစုံဖြင့် ပါတီတခုခု ကိုဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးဦးကို ဖြစ်စေ မဲထည့်ရန် မဘသက စည်းရုံးလျက် ရှိသည်။
ဆရာတော် ဦးဝီရသူက “ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ
အတွက် ယုံကြည်စိတ်ချ အားကိုးရတဲ့ ဘယ်သူကို မဆို ပါတီအကြီးကြီးကပဲ ဖြစ်ဖြစ်၊
ပါတီသေးသေးလေးကပဲ ဖြစ်ဖြစ် တသီး ပုဂ္ဂလပဲ ဖြစ်ဖြစ် ရွေးချယ်ကြဖို့
တိုက်တွန်းတာ ပါ” ဟု ဧရာဝတီသို့ မိန့်သည်။
မဘသအဖွဲ့ဟု လူသိများသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က
ရေးဆွဲခဲ့သော ဥပဒေကြမ်း ၄ ခုကို လွှတ်တော်က အတည်ပြု ပေးခဲ့ပြီး ဥပဒေများ
ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အဆိုပါ ဥပဒေသစ်များက အမျိုးသမီးများနှင့်
မြန်မာနိုင်ငံ၏ လူနည်းစု မွတ်ဆလင်များအား ဆန့်ကျင်ခွဲခြားမှုများကို တရားဝင်
ဖြစ်စေသည်ဟု ဝေဖန်သူများက ပြောကြသည်။
မဘသ အဖွဲ့က ရွေးကောက်ပွဲများတွင် ကိုယ်တိုင်ဝင်ရောက် ယှဉ်ပြိုင်မည့်
အရိပ်လက္ခဏာ ပြသခြင်း မရှိသော်လည်း ၎င်းတို့၏ ဥပဒေ ၄ ခုကို ဆန့်ကျင်သည့်
ကိုယ်စားလှယ်လောင်း များကို ပြည်သူသိအောင် ထုတ်ပြန် သတိပေးသွား မည်ဟု
ကြေညာထားသည်။ အဆိုပါ ကိုယ်စားလှယ်လောင်းများ ထဲ၌ လာမည့် ရွေးကောက်ပွဲတွင်
ရှေးရိုးစွဲသမားများ၊ စစ်ဘက်အရာရှိဟောင်းများနှင့် ရင်ဆိုင်ရမည့်
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီတို့
ပါဝင်နေသည်။
မဘသ ထောက်ခံသူ တဦးဖြစ်သူ စာရေးဆရာ မောင်သွေးချွန်က “တကယ်လို့ NLD
နိုင်သွားလို့ ရှိရင် NLD သည် ဘင်္ဂလီတွေ ဘက်က ရပ်တည်ခဲ့တဲ့ အစဉ်အလာတွေ
ရှိတယ်။ သူ တကယ်လို့ အာဏာရ သွားရင် ဘင်္ဂလီတွေကို နိုင်ငံသား လုပ်ပေးမယ်။
ဒါမှမဟုတ် ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းပစ်မယ် ဆိုရင် ဗုဒ္ဓဘာသာနဲ့
ရခိုင်ပြည် အတွက်က အာမခံချက် ရှိတော့မှာ မဟုတ်ဘူး” ဟု ပြောသည်။
ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာနိုင်ငံတွင် ဩဇာကြီးမားသော
ဘုန်းတော်ကြီးများသည် ရာစုနှစ် တဝက်နီးပါးမျှ ကြာမြင့်သည့် စစ်အုပ်ချုပ်
ရေးကာလ အတွင်း၌ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှု အမြောက်အမြားကို ဦးဆောင်ခဲ့ကြ
သူများ ဖြစ်သည်။ သို့သော်လည်း အရပ်သား အမည်ခံ ပြုပြင်ပြောင်းလဲရေး အစိုးရ
အာဏာရရှိ လာခဲ့သည့် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် အချို့ ဘုန်းတော်ကြီးများက
အစ္စလာမ်ဘာသာက ဗုဒ္ဓဘာသာကို ဝါးမြိုနေပြီး တိုင်းပြည်ကို အင်အားနည်းအောင်
ပြုလုပ်နေကြောင်း ဟောပြောမှုများ စတင်ပြုလုပ်လာကြသည်။
ယခုအခါတွင် နိုင်ငံတလွှား၌ ရုံးခွဲ ၂၅၀ ရှိနေ ပြီဖြစ်သည့် မဘသသည်
နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် NLD ကို မဲမပေးရန်နှင့် သမ္မတ
ဦးသိန်းစိန် အစိုးရ ဆက်လက် အုပ်ချုပ်ရန် ဆန္ဒရှိကြောင်း တိုက်ရိုက် တမျိုး၊
သွယ်ဝိုက်ပြီး တဖုံ၊ ဗြောင် ပြောဆို စည်းရုံးလာခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မဲဆွယ်စည်းရုံးရေးကို
ထိခိုက်စေနိုင်သည့် စာသားပါ စာရွက်စာတမ်းများကို မဘသက တိုင်းဒေသကြီးနှင့်
ပြည်နယ် တချို့တွင် လိုက်လံဝေငှလျက် ရှိကြောင်း NLD ဗဟိုအောင်နိုင်ရေး
အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက မီဒီယာများသို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင်
ပြောကြားခဲ့သည်။
ထို့ကဲ့သို့ မဘသက NLD ကို လိုက်လံ နှောင့်ယှက် နေချိန်တွင်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့သည့်
မျိုးစောင့် ဥပဒေအောင်ပွဲကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရနှင့် အာဏာရ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) တို့က
ထောက်ပံ့ကူညီ လိုက်သည့်အခါ မဘသ၏ လမ်းကြောင်းကို မီးမောင်းထိုး ပြနေတော့သည်။
မိုးသု (မန္တလေး) အမည်ဖြင့် ဘာသာရေး ဆောင်းပါးများ ရေးသားနေသည့်
မန္တလေးမြို့မှ ဆရာတော် အရှင်ခေမာနန္ဒက နိုင်ငံရေးတွင် မဘသ
ပါဝင်ပတ်သက်နေခြင်းမှာ သာသနာတော်အတွက် မကောင်းဘဲ အာဏာရှင် စစ်အစိုးရကို
သက်ဆိုးရှည်အောင် ပံ့ပိုးပေးသလို ဖြစ်နေကြောင်း ဧရာဝတီသို့ မိန့်သည်။
“လုပ်ရပ်တွေ ကလည်း ဝိနည်းနဲ့ မညီဘူး။ မျိုးစောင့်ဥပဒေ ဆိုတာတွေကလည်း
အယောင်ပြပြီး အာဏာရှင်ကို သက်ဆိုး ရှည်သထက် ရှည်အောင် ပံ့ပိုးပေးနေတာ။
အရင်က ဖြစ်ရပ်တွေကို ကြည့်ရင်လည်း မဘသနဲ့ အာဏာရှင်တွေနဲ့ ပေါင်းပြီး
ဘာသာရေးကို အသုံးချပြီး ကိုယ်ကျိုးစီးပွား အတွက် လုပ်နေကြတာပဲ။ ဒါယကာ၊
ဒါယိကာမတွေရဲ့ မျက်နှာကို ထောက်ထားပြီးတော့ အာဏာရှင်တွေကို ပံ့ပိုးထောက်ပံ့
နေတာတွေကို သေသေချာချာ စဉ်းစားသုံးသပ်ပြီး ရပ်တန်းက ရပ်ကြပါလို့
မေတ္တာရပ်ခံချင်ပါတယ်” ဟု အရှင်ခေမာနန္ဒက မိန့်သည်။
မဘသ အနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးမည့် သူများကို
အမတ်လောင်းရွေးချယ်ခိုင်းခြင်း အပါအဝင် နိုင်ငံရေးတွင် ပါဝင်
ဆက်စပ်ရခြင်းမှာ တိုင်းပြည်တွင် အမျိုးဘာသာ သာသနာ ပျောက်ပျက်သွားမည်ကို
စိုးရိမ်သောကြောင့် ဖြစ်ကြောင်း၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ခြင်းသည်
နိုင်ငံရေးပါတီများ အလုပ်ဖြစ်သော်လည်း နိုင်ငံရေးပါတီများမှာ
အားကိုးမရသဖြင့် မဘသက ဝင်ရောက်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မဘသ
ထောက်ခံသူများက ပြောသည်။
၂၀၁၅ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သည့် မဘသ ညီလာခံ၏ အခြေခံမူများတွင်
အမျိုးဘာသာ သာသနာ ကာကွယ် စောင့်ရှောက်ရေးကို ကတိပေးသည့် သူကို
မဲပေးသင့်ကြောင်း၊ အမျိုး ဘာသာသာသနာ ဆန့်ကျင် သူများကို မဲ မပေးသင့်ကြောင်း
ဆိုသည့်သဘောထားရှိကြောင်း၊ ယင်းမှာ မဘသ(ဗဟို) ၏ သဘောထားဖြစ် ကြောင်း
ဆိုသည်။
မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဘာသာရေးကို နည်းလမ်းတခု အဖြစ် အသုံးချကာ
သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိုးရိမ်
ပူပန်မိကြောင်း ရန်ကုန်မြို့အခြေစိုက် သံရုံး ၉ ခုက ပူးတွဲ ကြေညာချက်
တခုကို စက်တင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးတွင် မဘသက ရွေးကောက်ပွဲ အကြောင်း ပြု၍ တိုက်ရိုက်ပါဝင်
ပတ်သက်လာမှုကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ကြေညာချက် ထုတ် ပြန်ခြင်းလည်း
ဖြစ်နိုင်သည်ဟု နိုင်ငံရေး အသိုင်းအဝန်းက သုံးသပ်သည်။
သို့သော် မြန်မာအစိုးရကမူ သံရုံးများ၏ ထုတ်ပြန်ချက်ကို လုံးဝလက်မခံဘဲ
တဖက်သတ် သုံးသပ်ချက်ဟု ဆိုကာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တဆင့်
ပယ်ချခဲ့ပြီး သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးမှာ ထိုထုတ်ပြန် ချက်ကို
စိတ်ဆိုးလျက် ရှိသည်။
ဧရာဝတီက နိုင်ငံရေးတွင် ဘာသာရေး ရောထွေးလာမှု အခြေအနေများနှင့် ပတ်သက်၍
အစိုးရ၏ သဘောထားကို အတည်ပြုနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဦးဇော်ဌေးက
သီးခြား မှတ်ချက် မပေးလိုကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏
ထုတ်ပြန်ချက်ကိုသာ ကိုးကားရန် ပြောဆိုသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် သမ္မတ
ဦးသိန်းစိန်၏ နိုင်ငံတကာ ဒီမိုကရေစီနေ့ သဝဏ်လွှာကို ကိုးကား၍
“မြန်မာနိုင်ငံသည် ဓလေ့ထုံးတမ်းပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံ
ရှိသည့် လူမျိုးများစွာ နေထိုင်သော နိုင်ငံဖြစ်သည့် အတွက်
မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များတွင် နိုင်ငံ၏ သဟဇာတ ဖြစ်မှုနှင့်
မတူညီသည့် ကိုးကွယ်ယုံကြည်မှုများကို ထိခိုက်နစ်နာစေသည့် ကိစ္စရပ်များ
မပေါ်ပေါက် စေရန် နိုင်ငံရေး ပါတီများနှင့် မဲဆန္ဒရှင် ပြည်သူအားလုံး
ရှောင်ရှားရန် လိုအပ် ကြောင်း” ဟု ဖော်ပြခဲ့သည်။
မဘသနှင့် နိုင်ငံရေးဇာတ်ခုံ
လွန်ခဲ့သည့် ၂ နှစ်ခန့်က စတင်ဖွဲ့စည်းခဲ့သော မဘသအဖွဲ့သည် ၉၆၉
လှုပ်ရှားမှုမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ မဘသ အဖွဲ့ ပေါ်ပေါက်လာပြီး
မကြာမီတွင် အငြင်းပွားဖွယ်ရာ များဖြင့် မျိုးစောင့်ဥပဒေဟု လူသိများသည့်
ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ
ဥပဒေ၊ လက်ထပ်ထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း
ထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေတို့မှာ မဘသ အဖွဲ့၏ ဦးဆောင် တွန်းအားပေး
မှုဖြင့် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြဋ္ဌာန်းနိုင်ခဲ့သည်။
ဘဏ်လုပ်ငန်း၊ သတ္တုတွင်းနှင့် ပိုင်ဆိုင်မှု ဥပဒေများ
နှောင့်နှေးနေသော်လည်း မဘသအဖွဲ့က ကျောထောက် နောက်ခံ ပြုထားသည့်
မျိုးစောင့်ဥပဒေများကို လွှတ်တော်က မြန်မြန်ဆန်ဆန်
ဆွေးနွေးအတည်ပြုပေးခဲ့သည်။
ဥပဒေအရ အချို့အမျိုးသမီးများသည် ၃ နှစ်မှ တခါ ကိုယ်ဝန်ဆောင်ခွင့်
ရရှိမည် ဖြစ်သည်။ အခြား ဥပဒေ တခုအရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည်
ဗုဒ္ဓဘာသာဝင် မဟုတ်သည့် အမျိုးသားနှင့် လက်ထပ်ရန် အတွက် သက်ဆိုင်ရာမှ
တရားဝင် ခွင့်ပြုချက် ရရှိရန်လိုအပ်သည်။
မဘသ ထောက်ခံသူများကမူ မျိုးစောင့်ဥပဒေ ၄ ခုသည် အစ္စလာမ်ဘာသာ၏ အန္တရာယ်ကို
ကာကွယ်ရန် ပြဋ္ဌာန်း လိုက်ရခြင်းဟု ဧရာဝတီသို့ ပွင့်ပွင့် လင်းလင်းပြောသည်။
မောင်သွေးချွန်က “ကျနော်တို့က မွတ်စလင် တွေနဲ့ ပြဿနာ မဖြစ်ချင်လို့ ဥပဒေနဲ့
ထိန်းချုပ်ဖို့ ကြိုးစားတာ။ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ
မဖြစ်ချင်ဘူး” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက လူနည်းစု အခွင့်အရေးကို
လေးစားကာကွယ်ရန် လိုအပ်ကြောင်း ပြောဆိုပြီး အဆိုပါ ဥပဒေများကို
ဆန့်ကျင်ခဲ့ကြသည့်နောက်ပိုင်း မွတ်စလင် အားပေးသည်ဟု ပစ်မှတ်ထား
တိုက်ခိုက်ခံလာရ သည်။
အစိုးရနှင့် လွှတ်တော်က မွတ်စလင်များ အပေါ် ရည်ရွယ်သော မဘသ၏
မျိုးစောင့်ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပေးသည် သာမက ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ကလည်း ပြည်တွင်းနေ မွတ်စလင်များ နိုင်ငံရေး
ကိုယ်စားပြုခွင့်ကို ပိတ်ပင်တင်းကြပ်ခဲ့သည်။
ကော်မရှင်က မွတ်စလင် ကိုယ်စားလှယ်လောင်း အများအပြားကို ၁၉၈၂ ခုနှစ်
နိုင်ငံသား ဥပဒေနှင့် မညီဟု ဆိုကာ ပယ်ချခဲ့သည်။ အကြောင်းပြချက်မှာ မွတ်စလင်
ကိုယ်စားလှယ်လောင်းများ၏ မိဘတို့မှာ ၎င်းတို့ မွေးဖွားခဲ့စဉ်က
မြန်မာနိုင်ငံသား မဖြစ်သေး ဆိုသည့် အကြောင်းပြချက်နှင့် ဖြစ်သည်။
ပါတီ၏ မွတ်စလင် ကိုယ်စားလှယ်လောင်း ၁၇ ဦး ပယ်ချခံခဲ့ရပြီး တဦးသာ
ယှဉ်ပြိုင်ခွင့် ရရှိခဲ့သောကြောင့် ပါတီ ဖျက်သိမ်းရကိန်း ကြုံနေသည့်
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးကျော်မင်းက “ကော်မရှင်က
ဒီလူတွေရဲ့ နေရာတွေ နာမည်တွေကို ကြည့်ပြီး ပယ်လိုက်တာပဲ။
ဒီမိုကရေစီနိုင်ငံမှာ မဖြစ်သင့်တဲ့ လူမျိုးရေးခွဲခြားမှုပဲ။ လူမျိုးတိုင်းက
ကိုယ်စားပြုခွင့် ရှိရမယ်။ ပိတ်ပင်တာမျိုး မရှိရဘူး။ အခု ကျနော်တို့
လူမျိုးစုကို ကျနော်တို့ ကိုယ်စား ပြုခွင့် မရအောင် စီမံနေတဲ့ ပုံစံပဲ
ဖြစ်တယ်” ဟု ပြောသည်။
ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးမှုမှာ ခေတ် အဆက်ဆက်တွင် ရှိခဲ့သော်လည်း
ဘာသာရေးကို အသုံးချပြီး နိုင်ငံအစိုးရများ အပေါ် အာဏာ သက်ရောက်ရန်
ကြိုးစားသည့်အခါ မငြိမ်းချမ်းသည့် ကိစ္စများ ဖြစ်ပေါ်လာကြောင်း၊ အကောင်းဆုံး
ဥပမာမှာ အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဘာသာရေးနှင့် နိုင်ငံရေး
ရောထွေးရန် ကြိုးစားရာမှ တဆင့် မီးခိုး ကြွက်လျှောက် ပြဿနာများစွာ
ရှိနေကြောင်း စာရေးဆရာမ မသီတာ (စမ်းချောင်း) က ပြောသည်။
၎င်းက “ဒီမှာ အခုဖြစ်နေတာက ဘာသာခြားတွေ မဟုတ်ဘဲနဲ့ လူမျိုးအချင်းချင်း
ကြားထဲမှာ နိုင်ငံရေး အရ ကွဲပြားတာကို ဘာသာရေးနဲ့ အသုံးချနေတာ။ အခုလို
နိုင်ငံရေး ပါတီတခုကိုတော့ မဲပေးပါ။ ဒီတခုကိုတော့ မဲမပေးပါနဲ့။ အဲလို
လှုံ့ဆော်လာရင် Middle East မှာဖြစ်နေတဲ့ ပုံစံမျိုး လိုက်သလို ဖြစ်သွားမှာ
ကျမတို့ ကြောက်ရတယ်” ဟု ပြောသည်။
ယခုကဲ့သို့ Globalization ခေတ်တွင် ကိုယ့်လူမျိုး ကိုယ့်ဘာသာဟု
ကြွေးကြော်နေမည့်အစား အားလုံးကို လက်ကမ်း ကြိုဆို၍ ငြိမ်းချမ်းစွာ အတူတကွ
လက်တွဲနေထိုင်မည် ဆိုသည့် နိုင်ငံရေးစနစ်မျိုးသည်သာ ဘာသာကွဲများနှင့်
လူမျိုးစုံ နိုင်ငံသားများ ရှိနေသော မြန်မာနိုင်ငံနှင့် သင့်လျော်သည်ဟု
ယူဆသူများလည်း ရှိနေသည်။
ဗြိတိသျှ ကိုလိုနီလက်မှ လွတ်မြောက်ပြီးစ ပါလီမန် ဒီမိုကရေစီခေတ်တွင်
ဝန်ကြီးချုပ် ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်း
သတ်မှတ်လိုက်သည့်အခါ ကချင်လက်နက်ကိုင် ပုန်ကန်မှု ပေါ်ပေါက်လာရ သည်ဟု
တရားလွှတ်တော် ရှေ့နေတဦးလည်း ဖြစ်သူ ဦးသိန်းသန်းဦးက ထောက်ပြသည်။
“ဘာသာဆိုတာ ဘာသာတိုင်းက လေးစားစရာကြီးပဲ။ ကိုယ့်ဘာသာမှ ကောင်းတယ်။
သူများ ဘာသာ မကောင်းဘူး ဆိုတာ ဒါ လူယဉ်ကျေးတွေရဲ့ လုပ်ရပ်မဟုတ်ပါဘူး” ဟု
ပြောသည်။ ။
{The Irrawady News}