Tuesday, March 24, 2015

ဘာသာရေး အဓိကရုဏ်းတွေကို နောက်ကွယ်က စီစဉ်ခဲ့တာလို့ဆို



မန္တလေးမြို့နဲ့ မိတ္ထီလာမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေဟာ မမြင်ရတဲ့ လက်မည်းကြီးတွေက နောက်ကွယ်ကနေ အစီအစဉ်တကျ ကြိုးကိုင် ပြုလုပ်ခဲ့တာ ဆိုပြီး အမေရိကန် အခြေစိုက် Jutice Trust မြန်မာဌာနခွဲက အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန်မှာ မလိုလားအပ်တဲ့ အဓိကရုဏ်းတွေ ဖြစ်မလာဖို့အတွက် ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ အချက်အလက်တွေကို ပြုစုခဲ့သူ တစ်ဦး ဖြစ်တဲ့ ရှေ့နေ ဦးသိန်းသန်းဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီ လက်မည်းကြီးဟာ လက်တံ ရှည်ပြီး အလှမ်းကျယ်တဲ့အတွက် ဘယ်သူရယ်လို့ သက်သေမပြနိုင်သေးဘူးလို့လည်း သူကပြောပါတယ်။

ဒီလို ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်အောင် လုပ်လိုတဲ့ ရည်ရွယ်ချက်တွေကို ကြည့်ရင် အချက် ၃ချက် တွေ့ရတယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ကို မလိုလားသူတွေက သမ္မတ ရာထူး နောက်ထပ် သက်တမ်း အတွက် ယှဉ်ပြိုင်လိုစိတ်နဲ့ လုပ်တာ ဖြစ်နိုင်ကြောင်း၊ ဒုတိယ အချက်က NLD ကို ပစ်မှတ်ထားပြီး ဘာသာရေး အရ ခုတုံးယူ နိုင်ငံရေးအရ အသာစီး ရဖို့ လုပ်တာ ဖြစ်နိုင်သလို စစ်အုပ်ချုပ်ရေးအောက်မှာ ရွေးကောက်ပွဲ ကျင်းပချင်တဲ့ ဆန္ဒရှိသူတွေက တိုင်းပြည် မငြိမ်သက်အောင် လုပ်ပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းအောင် လုပ်တာ ဖြစ်နိုင်တယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

တစ်ခါ ရဲတပ်ဖွဲ့လို အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ အဓိကရုဏ်းတွေကို ထိထိရောက်ရောက် အရေးယူတာမျိုး မရှိခဲ့ဘူး ဆိုတာကို ဓါတ်ပုံ အထောက်အထားတွေနဲ့ တွေ့ရတယ် လို့လည်း ဆိုပါတယ်။

No comments:

Post a Comment

Welcome